ဒဂုံဆိပ်ကမ်း ဇူလိုင် ၁၅
ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူနှင့် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ မြန်မာစာဆရာမ ဒေါ်ယုယုစိုးတို့က ပါဝင်ဆောင်ရွက်ခဲ့ပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲ၌ မောင်တေဇက "လူငယ်နှင့်စာပေ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခင်စန္ဒာထွန်းက "လူငယ်နှင့်ယဉ်ကျေးမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမဥ္ဇူကိုကိုက "လူငယ်နှင့်စာရိတ္တ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရွှင်းမြအောင်က "လူငယ်နှင့်အားကစား" ခေါင်းစဉ်တို့ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဆွေးနွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ် စာစောင်များကို ကျောင်းသား/သူများက ကြည့်ရှု့ခဲ့ကြသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ