တောင်ဥက္ကလာပမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

တောင်ဥက္ကလာပ  ဇူလိုင် ၁၅

နိုင်ငံတော်အတွက်ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ တောင်ဥက္ကလာပမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်ကြည်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက "စာဖတ်ခြင်းအကျိုးကျေးဇူး" အသိပညာပေးခေါင်းစဉ်ဖြင့် ကျောင်းသားလူငယ်များ စာပေဖတ်ရှုမှုအားကောင်းပြီး လမ်းမှန်ပေါ်လျှောက်လှမ်းနိုင်ရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် စာပေများအားဖတ်ရှု လေ့လာရန်လိုအပ်ကြောင်း၊ အသိပညာဗဟုသုတရရှိစေရန် ပြည်သူ့စာကြည့်တိုက်များတွင် စာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာအုပ်စာ‌‌စောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဉီးမြင့်မောင်က သင်ယူခြင်းအနုပညာခေါင်းစဥ်ဖြင့် ဆွေးနွေး ဟောပြောပြီးနောက် မြို့နယ်အားကစားနှင့် ကာယပညာဉီးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်လေးဇာဇာလှိုင်းမြင့်က အားကစားဆိုတာ ခွန်အားနှင့် ဉာဏ်ရည်ကိုအသုံးချကာ ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း၊ အားကစား(၄)မျိူးရှိပြီး ယှဥ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ ကာယပညာသင်ကြားရခြင်းရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်ဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့ပါသည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးအရာရှိနှင့် ၀န်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယပညာဉီးစီးဌာနမှ တာဝန်ရှိသူများ၊ Book Club အဖွဲ့၀င်များ၊  အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၁၀၀)ဉီးခန့် တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဟောပြောပွဲအပြီးတွင် ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)