ဒေါပုံမြို့နယ်တွင် လူငယ်များဗလငါးတန်နှင့် ပြည့်မီသော အနာဂတ်သားကောင်းများ ဖြစ်ထွန်းစေရန် လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန် ဇူလိုင် ၁၅

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က တိုင်းပြည်၏ အနာဂတ် လူငယ်များအတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးနေသည့် လူငယ်စကားဝိုင်းများ၏ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရာ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးက ဦးဆောင်၍ လူငယ်နှင့်စာပေ၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် အားကစားနှင့် လူငယ်နှင့် ယဉ်ကျေးမှု စသည့် ခေါင်းစဉ်အသီးသီးဖြင့် ကျောင်းသား၊ ကျောင်းသူ (၆) ဦးတို့က ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးမှုကို တက်ရောက်နားထောင်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများအပေါ် သိရှိလိုသည်များကို မေးခွန်းများမေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေး‌နွေးပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ပါဝင်ဆွေးနွေး ပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက မေတ္တာလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။ ယင်းနောက် လူငယ်များ အသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များကို ခင်းကျင်း ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူ များက စိတ်ပါဝင်စားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)