ကမာရွတ် ဇူလိုင် ၁၅
ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် ဆိုရိုးစကားနှင့် အညီ အနာဂတ်မျိုးဆက်သစ်များ အရည် အသွေးပြည့်မီစေရေးနှင့် လူငယ်များ ဗလငါးတန်ပြည့်မီစေ ရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ကမာရွတ်မြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စိမ်းလဲ့က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး အတွက် လူငယ်ဘဝပညာသင်သည့် အရွယ်မှစ၍ မိမိဝါသနာ၊ ဗီဇစရိုက်နဲ့ကိုက်ညီတဲ့ ရည်မှန်းချက်များထားရှိရန်နှင့် လူငယ်များသည် နိုင်ငံရဲ့ အနာဂတ်များ ဖြစ်သည့်အတွက် အသိပညာ အတတ်ပညာများကို လေ့လာသင်ယူကြ ရာတွင် အကျင့်စာရိတ္တကောင်းမွန်ပြီး စာရိတ္တလိပ်ပြာလုံစွာနှင့် စာရိတ္တမာနများ ထားရှိကြရန် ဟောပြောခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြင့်သူက လူငယ်နှင့် ခေါင်းဆောင်မှုခေါင်းစဥ်ဖြင့်လည်ကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးချိုတူးက လူငယ်ရေးရာ အသိပညာပေးအကြောင်း အားလည်ကောင်း၊ မြန်မာ့လက်ရွေးစင် ဘောလုံးအားကစားသမား ဒေါ်အေးအေးမော်က အားကစားဆိုင်ရာများကို လည်ကောင်း၊ မြို့နယ်အားကစားမှူး ဒေါ်ဇူလိူင်မွေးက လူငယ်ရေးရာ အသိ ပညာပေး ဟောပြောပွဲ၊ အားကစားပစ္စည်းများ ပေအပ်လှူဒါန်းခြင်းနှင့် အားကစားသရုပ်ပြပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပေးခဲ့သည်။
ဆက်လက်၍ အားကစားအဖွဲ့များအတွက် ထောက်ပံငွေများ ပေးအပ်ခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းများကို ပြုလုပ်ခဲ့ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဝင်းမြင့်မှ လက်ခံရယူပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အားကစားနည်းအလိုက် သရုပ်ပြသပေးခဲ့သည်။
ထို့နောက် လူငယ်များအတွက် အသိပညာဗဟုသုတ တိုးပွားစေရန် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ ကလေးအလုပ်သမား ပပျောက်ရေး၊ အမျိုးသမီးအကြမ်းဖက်မှုအကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၂၅၀ ဦးခန့် စိတ်ပါဝင်စားစွာ တက်ရောက် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)