ပေါင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ပေါင် ဇူလိုင် ၁၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မုတ္တမနယ်မြေရဲစခန်းနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာ‌ပေး ဟောပြောပွဲ ကို (အထက) မုတ္တမကျောင်း၌ ဟောပြော ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး မုတ္တမနယ်မြေရဲစခန်းမှ ရဲအုပ်ရဲစိုးက ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး အန္တရာယ် သတိပြုကြရေးနှင့် ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာ ဖတ်ရှုကြခြင်းဖြင့် အနာဂတ်ကာလ ၌ အသိပညာကြွယ်ဝသည့် နိုင်ငံသားကောင်းများ ဖြစ်လာနိုင်ရေးတို့ကို ဟောပြောဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မုတ္တမနယ်မြေရဲစခန်းမှ ဒုရဲအုပ်ထွန်းဦးက လူကုန်ကူးမှုသည် ခေတ်သစ်ကျေးကျွန် စနစ်အသွင်ဖြင့် ပြန်လည်ပေါ်ပေါက်လာသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ မိမိကိုယ်ကို ကာကွယ်နေထိုင်ကြရန်၊ လူကုန်ကူးမှုခံရသူ၏ အဆိုးရွားဆုံးပုံစံမျာနေ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ကျောင်းသား/ကျောင်းသူများက လိုက်နာဆောင်ရွက်ကြရန်‌ ဟောပြော‌ခဲ့သည်။

ပေါင်မြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့် ရှောက်ပေးသည့်အပြင် ကျောင်းသား၊ ကျောင်းသူများ မူးယစ် ဆေးဝါးအန္တရာယ်နှင့် လူကုန် ကူးမှုမှပပျောက်စေရန် အသိပညာပေးလုပ်ငန်းများကို အခါအားလျော်စွာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)