ပန်ဆိုင်း ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲများကို အ.မ.က(၂)ကျောင်းတွင် ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ ကိုယ်ကျိုးစွန့်အနစ်နာခံကြိုးစားခဲ့ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင်အာဇာနည်(၉)ဦး၏အတ္ထုပ္ပတ္တိများနှင့် အာဇာနည်စိတ်ဓာတ်များကို အကျယ်တဝင့်ရှင်းလင်း၍ အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံများကိုပြသထားပြီး အခြားဗဟုသုတရဖွယ် သုတ၊ ရသစာအုပ်များ၊ ဉာဏ်စမ်းစာအုပ်များနှင့် မဂ္ဂဇင်းတို့ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် ကလေးများဗဟုသုတရရှိစေမည့် ပုံပြင်များ ပြောပြပေးခဲ့ကြောင်းသိရသည်။
ပန်ဆိုင်း (ပြန်/ဆက်)