(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ထန်းတပင်မြို့နယ်တွင်ကျင်းပ

ထန်းတပင်(ရန်ကုန်) ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို  အေးရွာလေးကျေးရွာ မူလတန်းလွန် အခြေခံပညာကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကာ ဟောပြောပွဲတွင်  ဆရာမ ဒေါ်စန်းစန်းလွင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးက အာဇာနည်နေ့အကြောင်း သိကောင်းစရာများနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအကြောင်းတို့ကို ကျောင်းသား၊ ကျောင်းသူကလေးငယ်များကို ဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ကြည့်ရှုလေ့လာကြသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)