မံစီ ဇူလိုင် ၁၄
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲနှင့်ပြပွဲကို ကျောင်းသား၊ ကျောင်းသူလူငယ်များ အာဇာနည်နေ့အကြောင်းကို သိရှိစေရန်နှင့် ကျောင်းသားကျောင်းသူများအနေဖြင့် မျိုးချစ်စိတ်ဓါတ်ပိုမိုရင့်သန်လာစေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးပြီးထူးချွန်ထက်မြက်သည့်လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ စာကြည့်တိုက် အသုံးချမှု ပိုမိုတိုးပွားလာစေရန်၊ ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကို နံနက် ၉ နာရီက အာဇာနည်နေ့အကြောင်းနှင့် သက်ဆိုင်သည့် စိတ်ကြိုက်ကဗျာများဖြင့် အလယ်တန်းအဆင့်ကျောင်းသား ကျောင်းသူစုစုပေါင်း(၁၀)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက ဆုများချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်သည့်ကျောင်းသားကျောင်းသူများ အားလုံးကိုလည်း အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ ခင်းကျင်းပြသခဲ့သည်။ အာဇာနည်နေ့အကြောင်းနှင့် အာဇာနည်အကြောင်း ရေးသားထားသည့် စာအုပ် စာစောင်များ၊ အသိပညာ ဗဟုသုတများစွာရရှိစေမည့် သုတ ရသစာအုပ်စာစောင်များကိုပြသခဲ့ပြီး အာဇာနည်နေ့အကြောင်း အသိပညာပေး၊ လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေး၊ ကလေးသူငယ် အလုပ်သမားပပျောက်ရေး အသိပညာပေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ ပေး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး စသည့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ပရိတ်သတ်များ စိတ်ဝင်တစားလာရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)