မိုင်းဖြတ် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်မြတ်ကြီးကို ရွှေစည်းခုံပုံတူ အသစ်ပြန်လည်တည်ထားကိုးကွယ်သွားမည်ဖြစ်ရာ မွေတော်၊ ဓာတ်တော်များ၊ အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ရှိ မင်္ဂလာသီရိဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ဆရာတော် (အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ) ဘဒ္ဒန္တ နန္ဒောဘာသ ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်မြတ်ကြီး အသစ်ပြန်လည်တည်ထားကိုးကွယ်ရန် အလှူတော်ငွေများကို(အဂ္ဂမဟာသဒ္ဒမ္မ ဇောတိ ကဓဇ) ဘဒ္ဒန္တ နန္ဒောဘာသထံ စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဗိုလ်မှူးချုပ်ကျော်လင်းမောင်နှင့် ဇနီးတို့က ဋ္ဌာပနာတော်တည်ထားကိုးကွယ်ရန် မွေတော်၊ ဓာတ်တော်များ၊ ဘုရားစင်းတုတော်များနှင့် အလှူရှင်များမှ ပါဝင်လှူဒါန်းထားသည့် (၂၀)သိန်းကျပ်ကိုလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် တာဝန်ရှိသူများက ဋ္ဌာပနာတော်တည်ထားကိုးကွယ်ရန်အတွက် မြင်းခြံမြို့၊ ဗောဓိတစ်ထောင်ဓါတ်တော်တိုက်မှ ပင့်ဆောင်သည့် မွေတော်၊ ဓာတ်တော်များနှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ဇနီး မိသားစုမှ လှူဒါန်းသည့် အလှူငွေ (၁၀)သိန်းကျပ်ကိုလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီးကို ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်အတွင်း ခုနှစ်ရက်သားသမီးများက တည်ထားကိုးကွယ်လျက်ရှိပြီး စေတီတော်မြတ်ကြီးသည် ယခင်က ဉာဏ်တော်အမြင့် ၂၂ ပေ၊ ၆လက်မ၊ ပလ္လင်တော် ၂ပေ၊ ၆လက်မရှိရာ အသစ်ပြန်လည်ပြုပြင်မွမ်းမံရာ၌ ဉာဏ်တော်အမြင့် ၂၇ပေ၊ ပလ္လင်တော် ၅ပေ မြှင့်တင်တည်၍ ရွှေစည်းခုံပုံတူ တည်ထားကိုးကွယ် သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)