ဗဟန်းမြို့နယ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဇူလိုင် ၁၄  

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများပြည့်ဝစေပြီး လူအများရှေ့စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ခြင်းဖြင့်အသိပညာ ဗဟုသုတများနှင့်ပြည့်စုံပြီးဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီတွင် ဗဟန်းမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မိုးဦးပန်းခန်းမ၌ကျင်းပသည်။

ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းကလူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများသည်အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့်လူငယ်များ ပေါ်ထွန်းလာစေရန်လိုအပ်ပါကြောင်း၊ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံမှသာ နိုင်ငံတာဝန်များကိုဆက်လက်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူအချင်းချင်းရင်နှီးချစ်ခင်မှုများတိုးပွားလာပြီး ယဉ်ကျေးလိမ္မာစွာပြောဆို ဆက်ဆံတတ်စေရန်နှင့် တိုင်းချစ်၊ ပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်ပြည့်ဝစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဗဟန်းမြို့နယ်ပညာရေးမှူးဦးဌေးဝင်းက ကျေးဇူးတင်စကားပြောကြားပြီး လူငယ်စကားဝိုင်းစတင်ခဲ့ရာဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊

လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာမိုး၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမဒေါ်ခေမာလင်းတို့က ဦးဆောင်ဆွေးနွေးကာ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာပေအစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက်တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကမိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၃၀၀)ဦးခန့်တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြသောကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)