အလေ့ကျပေါက်ရောက်သော ပိန္နဲပင်များမှ ပိန္နဲသီးခူးဆွတ်ရောင်းချရ၍ ဒေသခံပြည်သူများ အပိုဝင်ငွေတိုး

မူဆယ် ဇူလိုင် ၁၄

မိုးဦးဇူလိုင်လတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လမ်းဘေးပတ်ဝန်းကျင်နှင့် မြို့ပေါ်ရပ်ကွက်/ကျေးရွာ လူနေအိမ်များတွင် အလေ့ကျ ပေါက်ရောက်သော ပိန္နဲပင်များ လှိုင်လှိုင်သီးကာ မှည့်ဝင်းချိန်ဖြစ်၍ ဒေသခံပြည်သူများက ခူးဆွတ်ရောင်းချကာ မိသားစုအပိုဝင်ငွေတိုးလျက် ရှိပါသည်။

ရှမ်းပြည်နယ်တွင် ပိန္နဲပင်သည် အိမ်ခြံဝန်းများအတွင်း အရိပ်ရသစ်ပင်အဖြစ် စိုက်ပျိုးကြပြီး လမ်းမကြီးဘေးများနှင့် နေရာစုံ၌ ပေါက်ရောက်နေ၍ ပိန္နဲသီးမှည့်ချိန်တွင် ခူးဆွတ်ကာ မြို့မဈေးသစ်သီးဆိုင်များနှင့် ပျံကျသစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိပါသည်။ ပိန္နဲပင်သည် မြန်မာပြည်အထက်ပိုင်း၊ အလယ်ပိုင်းနှင့်အောက်ပိုင်း ဒေသစုံတွင် ပေါက်ရောက်နိုင်ပြီး သီးလုံးပိုမိုသီးနိုင်ရန်အတွက် အပင်ခြေမှ (၅)ပေအထက် သစ်သားသပ်များ ရိုက်ထည့်ပေးရသည်။ပိန္နဲသီးတွင် အိမ်ပျော့သီးနှင့် အိမ်ကျွတ်(မာ)သီးဟူ၍ ရှိပြီး အိမ်ကျွတ် (မာ)သီးသည် ဈေးကောင်းပိုမိုရရှိပါသည်။ မူဆယ်မြို့တွင် အိမ်ပျော့ပိန္နဲသီး တစ်လုံးလျှင် မြန်မာငွေ(၅၀၀၀)  ကျပ်မှ (၈၀၀၀)ကျပ်အထိ အလုံးအရွယ်အစားအလိုက် အစားစားရောင်းချရပြီး အိမ်ကျွတ်(မာ)သီး တစ်လုံးလျှင် မြန်မာငွေ(၁၀၀၀၀)ကျပ်နှင့် အထက် ရောင်းချရကြောင်း သိရသည်။

“ပိန္နဲသီးမှည့်ချိန်ဆို ကိုယ်အိမ်ဝန်းအတွင်း ပေါက်နေတဲ့အပင်တွေနဲ့နီးစပ်ရာတွေကနေ လိုက်ခူးပြီး ရောင်းတယ်။ ကိုယ်တိုင်လည်း တက်ခူးရတဲ့အတွက် တအားရီးလည်း ဈေးတင်မရောင်းပါဘူး။ ပိန္နဲသီးက တစ်ရာသီပဲပေါ်တာဆိုတော့ ခုလိုမှည့်ချိန်ဆို ဝယ်စားတဲ့သူတွေ များပါတယ်။ အလေ့ကျလည်း ပေါက်နေတာဆိုတော့ စိုက်ပျိုးမှုစရိတ်လည်း မကုန်ဘူး။ မှည့်ချိန်ရာသီဆို ခူးပြီးရောင်းလိုက်တယ် တဖက်တလမ်းက မိသားစု အပိုဝင်ငွေရတာပေါ့ဗျာ”ဟု မူဆယ်မြို့၊ ရွှေသမင်ကျောင်းအနီးရှိ ဒေသခံတိုင်းရင်းသားပိန္နဲသီးအမှည့် ရောင်းချသူတစ်ဦးထံမှ သိရသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)