ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပင်းတယ ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ဒေသခံပြည်သူများအား လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် တာဝန်ရှိသူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ဒုတိယဒေသရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးအောင်ဆန်းဝင်းမှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြပြီး ပင်းတယမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်က ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိမိတို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပင်းတယမြို့နယ်အတွင်း လူကုန်ကူးမှု အန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်နေမှုအစီအစဉ်များအား  ဆွေးနွေး တင်ပြသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအတွင်းရှိ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်မှ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဒေသအတွင်းလူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် တာဝန်ရှိသူများက ပြန်လည် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးမှ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များ အပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းပေး၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူပေါင်းပူးဆောင်ရွက်သွားကြရန်၊ အသိပညာပေးလုပ်ငန်းများကို မြို့တွင်းနှင့် ကျေးရွာများပါမကျန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြစေရန် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကြက်ခြေနီအသင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)