ဟိုပန် ဇူလိုင် ၁၄
မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဖြစ်ပွားမှုလျော့နည်းစေရန်အတွက် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ရှိ အခြေခံ ပညာစာသင်ကျောင်းများ၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေစစ်ဆေးခြင်းများနှင့် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက်(၁၀)နာရီက ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဟိုပန်မြို့နယ်ပညာရေးမှူး ဦးအောင်မိုး ဦးဆောင်၍ စာရင်းစစ်မှူး၊ တိုင်းရင်းဆေးမှူး၊ စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အထက(ဟိုပန်)၊ အထက(ခွဲ)ရွှေဝါနှင့် အမက(ရုံးကုန်း) စသည့် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား ခြင်မှတစ်ဆင့် ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေး ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများနှင့် ကျောင်းဝင်းအတွင်းရှိ အုတ်ရေကန်များ၊ ရေစင်များအတွင်း၌ အဘိတ်ဆေးခတ်ပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး စစ်ဆေးရေးအဖွဲ့မှ လိုအပ်သည်များ မှာကြားခဲ့သည်။
ဟိုပန်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်စုများအလိုက် ဦးတည်ဆောင်ရွက်မည့်နေရာများ သတ်မှတ်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သည့် ကြီးကြပ်ရေး ပူးပေါင်းအဖွဲ့(၆)ဖွဲ့ခွဲ၍ ရောဂါကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)