မလှိုင် ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ မြေကွက်လပ်၌ ရုံးပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ နှစ်ရှည်သီးပင် စားပင် စိုက်ပျိုးခြင်းဖြင့် ဝန်ထမ်းမိသားစုများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန်ရည်ရွယ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးစိုးမင်းထက် ဦးဆောင်မှုဖြင့် ယနေ့နံနက် (၈) နာရီအချိန်က စိန်တလုံးသရက်ပျိုးပင်များကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ သရက်ပျိုးပင်များမစိုက်ပျိုးမီ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချစ်သိန်းက ပျိုးပင်စိုက်ပျိုးနည်းကို ဝန်ထမ်းများအား ရှင်းလင်းပြောကြားပြီး သရက်ပျိုးပင် (၁) ပင်အား လက်တွေ့စိုက်ပျိုးပေးခဲ့သည်။ ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ပျိုးပင်စိုက်ပျိုးမည့် အသင့် တူးထားပြီးကျင်းအား မြေဆွေးများထည့်သွင်းခြင်း၊ သဘာဝမြေဩဇာ နွားချေးများထည့်သွင်းပြီး အစေ့ပျိုးသက်တမ်း (၂) နှစ်၊ အမြင့် (၄) ပေခွဲ (၅) ပေခန့်ရှိ စိန်တလုံးသရက် ပျိုးပင် (၆၆) ပင်ကို အပင်တစ်ပင်နှင့် တစ်ပင် ပေ (၂၀) ပတ်လည်ခြား၍ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
စိန်တလုံးသရက်မျိုးသည် အစေ့ပျိုးပင်ဖြစ်၍ နှစ်သက်တမ်းပိုရှည်ကြာပြီး စတင်စိုက်ပြီး (၃) နှစ်ခွဲ (၄) နှစ်ခန့်ကြာလျှင် ပန်းပြ၍ အသီးစတင်သီးကြောင်း သိရ သည်။ သရက်ပင်ကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း Good Agriculture Practices (GAP)စနစ်အရ စိုက်ပျိုးပြီးစနစ်တကျ မြေဩဇာထည့် သွင်းခြင်း၊ ပိုးသတ်ဆေးကို သင့်တော်သည့်နှုန်း (စနစ်တကျညွှန်ကြားချက်အတိုင်း) ထည့်သွင်းစိုက်ပျိုးခြင်း၊ ပင်စည်ပိုး မကျရောက်နိုင်အောင် ပျိုးပင်ပင်စည်အမြင့် (၃) ပေခန့် အထိ ထုံးသုတ်ပေးခြင်း၊ မြေအောင်း ပိုးသတ်ဆေးထည့်ပေးခြင်း၊ သစ်သီးထိုးယင် မကျနိုင်အောင် အိပ်စွပ်ပေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးလျှင် အသီး ပိုမိုထွက်ရှိ၍ ရိုးရိုးအသီးထက် ဈေးကောင်း ပိုမိုရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
(GAP)စနစ်အရ စိုက်ပျိုးထွက်ရှိလာသည် အသီးများသည် ဈေးပိုမိုရရှိသဖြင့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
အောင်ဌေး