တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

တောင်သာ ဇူလိုင် ၁၄

၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော  ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို  ယမန်နေ့ညနေ (၄) နာရီအချိန်က   လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးက ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊  ကျောင်းသား/ကျောင်းသူများ ယခုလိုပြိုင်ပွဲကျင်းပခြင်းကြောင့် အချင်းချင်းပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားပြီးနောက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများအား ဆက်လက်ပြသရာ ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ ကျောင်းသူများက အသီးသီးပါဝင်ယှဉ်ပြိုင်ကြပြီးနောက် ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်အဖြစ်  ဗလာစာအုပ်၊ ခဲတံနှင့် မုန့်များကျွေးမွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲသို့ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)