နွားထိုးကြီး ဇူလိုင် ၁၄
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ အခက်ခဲနှင့် အောင်ပွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပြီး (Book Club) အဖွဲ့ဝင်များက ကျွန်ုပ်တို့သည် အခက်အခဲနှင့် တွေ့သောအခါ နောက်တွန့်သွားတက်ကြသည်။ အခက်အခဲနှင့် ရင်ဆိုင်ရသော အခြေအနေတွင် စိတ်ပျက်မိတက်ကြ၏။ အကယ်၍သာ ကျွန်ုပ်တို့မှာ ခိုင်မာသောဆုံးဖြတ်ချက်ဖြင့် ရေရှည်မြော်မြင်ထားသော ခံယူချက် တစ်စုံတစ်ရာရှိထားခဲ့ပါလျှင် အမှန်တကယ်တွင် မည်မျှကြီးမားလှသည့် အခက်အခဲမျိုးဖြစ်စေ အောင်မြင်စွာကျော်နင်းနိုင်ကြောင်း တွေ့ရှိရပေလိမ့်မည်။ စိတ်ပြဌာန်းဆုံးဖြတ်ခြင်း (DECISION) သည် မိမိအလိုရှိရာမှလွဲ၍ အခြားအရာအားလုံးနှင့် လုံးဝဖြတ်တောက်ပစ်လိုက်သည့် သဘောပင် ဖြစ်လေသည်။ ဆုံးဖြတ်ချက်ပြဌာန်းမှု၏ အင်္ဂလိပ် ဘာသာစကားလုံး (DECISION) ဆိုသည်မှာ လက်တင်ဝေါဟာရ De နှင့် (Caedere) ဟူသော စကားလုံးနှစ်လုံးကို ပေါင်းစပ်ထားခြင်းမှ ပြောင်းလဲဆင်းသက်လာ သည်ဟု လေ့လာမှတ်သား ရဖူးသည်။ De မှာ From မှ အဓိပ္ပါယ်ရပြီး (Caedere) က (To Cut) ဖြတ်တောက်ခြင်းဟု ဆိုလို သည်။ မိမိဖြစ်ချင်သော အလိုရှိသော အရာအတွက် စိတ်ဆန္ဒကို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ပြဌာန်းလိုက်ပြီဆိုသည်နှင့် သင်သည်အခြားဖြစ်နိုင်ခြေ အလားအလာအားလုံးမှ ဖြတ်တောက်ပစ်လိုက်ခြင်း သဘောပင် ဖြစ်လေသည်ဟု စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ၏ အခက်အခဲနှင့်အောင်ပွဲ စာအုပ်ပါအကြောင်းအရာများမှ နားလည်မှတ်သားထားရှိမှုများကို နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ တစ်ဦးချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်