ကျောက်မဲ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ကျောင်းအနီး ကိုက်(၁၀၀)ပတ်လည်တွင်ရှိသော မုန့်ဆိုင်များ၊ ကျောင်းမုန့်ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချခြင်းမရှိစေရေးအတွက် ကျောက်မဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းမုန့်ဈေးဆိုင်များမှ ဝယ်ယူစားသောက်နေသော ကျောင်းသား၊ ကျောင်းသူများအား အစားအသောက်များမှတဆင့် ဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် ရက်လွန်မုန့်များ ရောင်းချမှု ရှိမရှိ၊ မုန့်ထုတ်များတွင် ပါဝင်ပစ္စည်းများကို မြန်မာစာဖြင့် ဖော်ပြထားခြင်းရှိမရှိ၊ သတ်မှတ်ကုန်အညွှန်း အမှတ်အသားပါ/မပါ၊ အခြားအစားအသောက်များကို ယင်နားစာများ မဖြစ်အောင် လုံခြုံစွာ ဖုန်းအုပ်ထားရန်နှင့် ဈေးရောင်းချသူများက နှာခေါင်းစည်းများ၊ လက်အိတ် များဖြင့် သန့်ရှင်းသပ်ရပ်စွာ ရောင်းချခြင်း ရှိမရှိ တို့ကို တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက် ခဲ့ပြီး အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင်၊ စားသုံးရေးရာဦးစီးဌာနအနေဖြင့် ကျန်ရှိနေသည့် အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်ဆိုင်များအား အလားတူ ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)