မိတ္ထီလာ ဇူလိုင် ၁၄
မိတ္ထီလာမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသူ ကျောင်းသားများ စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိစေရန်နှင့် စကားပြောစွမ်းရည်များ တိုးတက်ကောင်းမွန်စေရည်ရွယ်ချက်ဖြင့် ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအဆိုပါ စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လစဉ်စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပါဝင်ဆွေးနွေးကြရာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ စာရေးဆရာ မြင့်မားအောင်က အမှာစကားပြောကြားသည်။
ထို့နောက်စာဖတ်ဝိုင်းကို ကျင်းပရာ အထက(၄) ၊ အထက(၂) ၊ အထက(ခွဲ)အောင်ဇေယျာ၊ အလက(ခွဲ) ရန်မျိုးအောင်နှင့် အလက (၂) တို့ မှ ကျောင်းသူ ကျောင်းသား ၁၂ ဦးက ၎င်းတို့ဖတ်ရှု့လေ့လာခဲ့သော စာအုပ်စာပေများထဲမှ အသိပညာဗဟုသုတများနှင့် အတွေးအမြင်များကို ပါဝင်ဆွေးနွေးကြရာ မြို့ နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ စာရေးဆရာရွှေညာမြေ မြတ်သင်းကြိုင်က ကျောင်းသားကျောင်းသူများ၏ ဆွေးနွေးပြောကြားချက်အပေါ် သုံးသပ်ဆွေးနွေးပြောကြားသည်။ စာဖတ်ဝိုင်းကျင်းပပြီးနောက် တက်ရောက်လာကြသည့် ကျောင်းများမှ ကျောင်းသူကျောင်းသားများထံသို့ နောက်တစ်ကြိမ် ကျင်းပမည့်စာဖတ်ဝိုင်းတွင်ဆွေးနွေးမည့် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်များကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာလာဆွေဝင်းက ဖြန့်ဝေငှားရမ်းပေးခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်မြို့ နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းသာ