ဗန်းမော် ဇူလိုင် ၁၄
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့် အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ဇူလိုင် ၁၄ ရက် နံနက် ၁၀ နာရီခန့်က ဗန်းမော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်တံခွန် ခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက "အာဇာနည်နေ့တို့မမေ့" ခေါင်းစဉ်ဖြင့် အာဇာနည်နေ့ အကြောင်းသိကောင်းစရာများ၊ လူငယ်ရေးရာဆိုင်ရာ ဗလငါးတန်ဖွံ့ဖြိုးရေးရာများအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှောင်းနှောင်းဝင်းက စားသုံးသူအကာအကွယ်ပေးရေး အစားအသောက်နှင့်ပတ်သက်၍ ကုန်စည်နှင့်ဝန်ဆောင်မှုအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြကာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ (၂၅၇)ဦး တက်ရောက်ခဲ့ကြသည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခင်းကျင်းပြသထားသည့် အာဇာနည်ပုဂ္ဂိုလ်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိအကျဉ်း နံရံကပ်စာစောင်၊ အာဇာနည်နေ့ တို့မမေ့" နံရံကပ်စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ၊ အာဇာနည်ခေါင်းဆောင်များ၏ သမိုင်းမှတ်တမ်း စာအုပ်များ၊ အသိပညာ ဗဟုသုတ ရရှိစေသည့် သုတ/ရသစာအုပ်များ၊ စာစောင်များကို ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဗန်းမော်(ပြန်/ဆက်)