မိုးမိတ် ဇူလိုင် ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့ရာ အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေမျိုးပိုင်က တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးကိုသိ၍ အာဇာနည်ခေါင်းဆောင်ကြီးများအပေါ် အမှန် တကယ် လေးစားမြတ်နိုး တန်ဖိုးထားကြသည်ဆိုလျှင် အာဇာနည်တို့၏ အသက်သွေးချွေးများစွာဖြင့်ပေးဆပ်ကာ အရယူပေးခဲ့သည့် လွတ်လပ်ရေးအမွေကို အဓွန့်ရှည် တည်တံ့ခိုင်မြဲအောင် မျိုးချစ်စိတ်ဓာတ်ထက်သန်ပြည့်ဝစွာဖြင့် အစဉ်ထာဝရ ထိန်းသိမ်းစောင့်ရှောက်ကြရမည်မှာ အားလုံး၏ တာဝန်ပင်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် အာဇာနည်နေ့ဆိုင်ရာ နံရံကပ်ပြဘုတ်များ၊ ဓါတ်ပုံပြဘုတ်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ကြကြောင်းသိရသည်။
စည်သူဌေး