ချမ်းအေးသာစံ ဇူလိုင် ၁၄
ဆေးတက္ကသိုလ်(မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းကျန်းမာရေးကွင်းဆင်း လေ့လာခြင်းနှင့် (Mask Campaign) ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ ၇၆ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြား၊ ၇၆ လမ်းရှိ အမှတ် ၁၂ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ယင်းဆောင်ရွက်ရာတွင် အ.ထ.က (၁၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကျော့ခိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ချမ်းအေးသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းလင်းချစ်မှ ကျောင်းကျန်းမာရေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား၍ ဆေးတက္ကသိုလ် (မန္တလေး) ကာကွယ်ရေးနှင့် ဆေးပညာဌာနမှ ကထိက ဒေါက်တာကျော်မင်းဦးမှ မိတ်ဆက်စကားပြောကြားခဲ့သည်။
ထို့နောက် နောက်ဆုံးနှစ် အပိုင်း(က) ကျောင်းသား မောင်ဟိန်းသက်နိုင်၊ ကျောင်းသူ မသန့်သန့်အေးကိုတို့မှ ကျောင်းကျန်းမာရေးဆိုင်ရာ သိကောင်းစရာ များအား အသီးသီးဟောပြောဆွေးနွေး၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဝင်းဝင်းသန့်နှင့် ဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ ပေးအပ်ခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပြီး နောက်ဆုံးနှစ် အပိုင်း(က) ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းအတွင်းရှိ မုန့်စျေးတန်း၊ သန့်စင်ခန်း၊ ရေအရင်းအမြစ်နှင့် စာသင်ခန်းများအား လေ့လာကြည့်ရှုခဲ့ရာ ဒေါ်ကျော့ကျော့ခိုင်နှင့် ဆရာမများမှ လိုက်လံရှင်းလင်းပြသ၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာနေရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းလင်းချစ်နှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးတက္ကသိုလ်(မန္တလေး) ကာကွယ်ရေးနှင့် ဆေးပညာဌာနမှ ကထိက ဒေါက်တာကျော်မင်းဦး ဦးဆောင်သည့် ဆရာ၊ ဆရာမများ၊ နောက်ဆုံးနှစ် အပိုင်း(က) ကျောင်းသား၊ ကျောင်းသူ ၆၉ ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဝင်းဝင်းသန့်နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီး ဒေါ်ကျော့ကျော့ခိုင် နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်