မိုင်းပျဉ်းမြို့နယ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သော စွန်တောင်းချောင်းကူး တံတားပြီးစီး

ကျိုင်းတုံ အောက်တိုဘာ  ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည်   ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်း ရှမ်ပြည်နယ် အရှေ့ပိုင်း (ကျိုင်းတုံ)ခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး  (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေကျပ် (၂၁၅.၂၄၅) သန်း ဖြင့် မိုင်းပျဉ်းမြို့ အလယ်ပိုင်းရပ်ကွက် စွန်တောင်းချောင်းကူး အရှည်(၉၀)ပေ နှစ်လွှာတစ်ထပ် သံဘောင်ဘေလီ တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးခဲ့ကြောင်း သိရသည်။

ယခုတည်ဆောက်ပြီးစီးခဲ့သော စွန်တောင်းတံတားသည် ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်း  မိုင်းဆတ်မြို့နှင့် မိုင်းပျဉ်းမြို့နယ်ချင်းဆက် လမ်းပေါ်တွင်တည်ရှိပြီး မိုင်းပျဉ်း၊ တုံတာ မြို့ပေါ်ရပ်ကွက် (၇)ခုနှင့် ကျေးရွာအုပ်စု များဖြစ်သော ယန်းမိုင်၊ ယန်းခမ်း၊ မိုင်းပုအွန်၊ မိုင်းမန်း၊ မိုင်းလျဉ်း၊ ထမ်းယမ်း၊ နားကျောင်း၊ ဝမ်ချန်၊ မိုင်းပုကြီး ကျေးရွာ စသောကျေးရွာအုပ်စု (၉)အုပ်စုရှိ ဒေသခံပြည်သူများအတွက် များစွာအထောက်အကူပြု လျက်ရှိကြောင်း သိရသည်။

ငုချိုချိုကျော် (ပြန်/ဆက်)