အခြေခံပညာအထက်တန်းကျောင်း(ပေါက်တော)၌ လူငယ်ရေးရာ အသိပညာပေးဟောပြော

ပေါက်တော ဇူလိုင် ၁၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း(ပေါက်တော)ရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်စံလှဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်တင်တင်စိန်က စာဖတ်ခြင်း၏အကျိုးကျေးဇူး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသန်းထွေးက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောပြီး ကျောင်းသားကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ကလေးအလုပ်သမားများပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)