ကော့မှူးမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ကော့မှူး ဇူလိုင် ၁၄

(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ စာပေချစ်မြတ်နိုသူများ အသင်းမှ Book Club အဖွဲ့ဝင် ဒေါ်တင်သန်းက အဖွင့်အမှာ စကားပြောကြားပြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ယနေ့ခေတ် ကျောင်းသား/ကျောင်းသူလူငယ်များ အနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီး များကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအပေါ်ထားရှိသော မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ်ကိန်းအောင်းနေစေရန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ တုနှိုင်းမမီသော ကိုယ်ရည် ကိုယ်သွေး၊ ကိုယ်ကျင့်တရား၊ စွမ်းဆောင်မှုများ၊ စည်းလုံးညီညွတ်မှုအတွက်ဆိုရင် သူမတူအောင် သည်းခံနိုင်မှုများနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေး ရရှိရန်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကြိုးစားခဲ့ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ကိုးဦးတို့၏ အတ္ထုပ္ပတ္တိများနှင့် အာဇာနည်စိတ်ဓာတ်များအား အကျယ်တဝင့် ဟောပြောခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ အသိပညာ ဗဟုသုတရရှိစေနိုင်သော သုတ /ရသ စာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုနေကြ ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)