ဒလမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ စာပေစကားဝိုင်း ကျင်းပ

ဒလ ဇူလိုင် ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀) နာရီအချိန်က စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ စာပေစကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက စာပေစကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ သည်။ စာပေချစ်မြတ်နိုးသူ မြို့နယ်စာကြည့်တိုက်ဥက္ကဋ္ဌ ဦးသန်းဝင်းက စာရေးဆရာခင်စောတင့်ရေးသားသည့် ဆယ်ကျော်သက်များနှင့် စကားပြောခြင်းစာအုပ်ထဲမှာပါသည့် ယဥ်ကျေးလိမ္မာ ဟန်မူရာ ခေါင်းစဥ်ဖြင့် ယဥ်ကျေးပြီးလိမ္မာတယ်ဆိုတာ အပြောအဆို၊ အမူအရာ၊ အနေအထိုင်အားလုံးကို ဆိုလိုခြင်းဖြစ်၍ ကျောင်းနေအရွယ်ထဲက အပြောအဆိုလိမ္မာပြီး အမူအရာသိမ်မွေ့မှသာ လူကြီးဘဝရောက်ကြတဲ့အခါ လူကြီးလူကောင်းတွေ၊ လူရည်သန့်တွေဖြစ်လာကြမည်စသည့် အကြောင်းအရာများကို  ဆွေးနွေးဖတ်ကြားသည်။

ဆက်လက်၍ (Book Club) အဖွဲ့ဝင်ဦးတင်စိုးက ကိုယ်ကျင့်တရားဆိုတာ ခေါင်းစဥ်ဖြင့် ကိုယ်ကျင့်တရားဆိုတာ လူတစ်ယောက်ချင်းစီမှာရှိရမည့် လူကျင့်ဝတ်နှင့် ကိုယ်ကျင့်သိက္ခာဖြစ်ပြီး လူတစ်ယောက်ဖြစ်တည်ဖို့ဆိုတာ မိဘမျိုးရိုးကောင်းပြီး ပစ္စည်းဥစ္စာပြည့်စုံတာ၊ ပညာတတ်တာနဲ့မလုံလောက်ပဲ ကိုယ်ကိုယ်တိုင်က ကိုယ်ကျင့်သီလ ပြည့်စုံဖို့အထူးလိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး (Women Club)အဖွဲ့ဝင် ဒေါ်လှလှရီက ဗဟုသုတကြွယ်ဝဖို့ စာဖတ်ပါခေါင်းစဥ်ဖြင့် ယနေ့ခေတ်ဆယ်ကျော် သက်အရွယ်တွေဟာ ဖုန်းမှာပဲအချိန်အများဆုံးသုံး၍ စာပေဖတ်ရှုမှုလျော့နည်းလာပြီး အတွေးအခေါ် အယူအဆတွေလွဲမှားလာသည်ကို တွေ့မြင်ရ၍ လူငယ်များအား ဗဟုသုတရဖွယ် သုတ၊ ရသစာအုပ်များလေ့လာ ဖတ်ရှုကြရန်စသည့် အကြောင်းအရာများကို တက်ရောက်လာသော စာပေဝါသနာရှင်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Pageမှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များငှားရမ်းခြင်း၊ (Talk Show)နှင့် စာဖတ်ဝိုင်းများဆောင်ရွက်ပေးခြင်းအပြင် သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း  ကျင်းပပြုလုပ်ပေးလျက်ရှိသည်။

မြို့နယ်(ပြန်/ဆက်)