ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် (VDP) စီမံကိန်းနှင့် (AVIP) ရေးဆွဲနည်း သင်တန်းဖွင့်ပွဲကျင်းပ

ကျောက်ပန်းတောင်း ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကျေးရွာများအား (VDP) စီမံကိန်းနှင့် (AVIP) ရေးဆွဲနည်းသင်တန်း ဖွင့်ပွဲကို၊ ယနေ့နံနက်(၉)နာရီက အဆိုပါရုံးရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာ စကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်ကြားပေးမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့် စီမံကိန်းဝင် ကျေးရွာများမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြသည်။ ဆက် လက်၍ တက်ရောက်လာသည့် မိတ်ဖက်ဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာ ကြားပြီး သင်တန်း ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အဆိုပါ သင်တန်းတွင် VDP စီမံကိန်းနှင့်ပတ်သက်၍ ကျေးရွာဆိုင်ရာအချက်အလက် ကောက်ခံခြင်း၊ အိမ်ခြေအိမ် ထောင်စု၊ လူဦးရေ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးအသင်းအဖွဲ့ဆိုင်ရာ မြေပြင်ပကတိ အချက်အလက်များကောက်ခံခြင်းနှင့် ကျေးရွာအချက်အလက်ဆိုင်ရာ မြေပုံရေးဆွဲနည်းများ၊ AVIP နှင့်ပတ်သက်၍ ပကတိ မြေပြင်အခြေအနေ ပေါ်သုံးသပ်ဆွေးနွေး၍  ဦးစားပေး အစီအစဉ်အလိုက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံကိန်းရေးဆွဲ ဆောင်ရွက်နိုင်စေရန် သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အတွင်းရေးမှူး ရဲမှူးမျိုးမင်း၊ မိတ်ဖက်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စီမံကိန်းဝင်ကျေးရွာ(၁၀) ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ရွာခွဲတာဝန်ခံများနှင့် စီမံကိန်းကော်မတီဝင်များ စုစုပေါင်း(၃၇)ဦး တက်ရောက် ခဲ့ကြောင်းသိရပြီး၊ သင်တန်းသို့ သင်တန်းသား (၂၀)ဦးတက်ရောက် ကြမည်ဖြစ်၍ သင်တန်းကာလမှာ (၅)ရက်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)