မိုင်းရှူးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးကျင်းပ

မိုင်းရှူး ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက အခြေခံ ပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှိုင်၊ ခရိုင်ပညာရေးမှူး ဦးအေးဝင်း၊ မိဘ၊ ဆရာအသင်းအဖွဲ့ဥက္ကဋ္ဌ ကျောင်းအုပ်ဆရာကြီး ဒေါ်နန်းခင်ဖြူ၊ ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် ကျောင်းအကျိုးတော်ဆောင် အတွင်းရေးမှူး ဦးစိန်မြင့်တို့က  အမှာ စကားပြောပြီး မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင် အမှုဆောင်သစ်များ ရွေးချယ်ခဲ့ကြသည်။

ထို့နောက် မိဘဆရာများအသင်း နှစ်ပတ်လည်အစီရင်ခံစာနှင့် ထောက်ပံ့မှုစာရင်း ရှင်းတမ်းကို တင်ပြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်ဖြူက ရှေ့လုပ်ငန်း စဉ် (၃)ရပ်အကြောင်း ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ခရိုင်ပညာရေးမှူး၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ မိဘဆရာအသင်းနှင့် ကျောင်းသားမိဘများ စုစုပေါင်း (၃၀၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)