မိုင်းဆတ် အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အပြင်ထွက်သွားလာသူများအနေဖြင့် MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အခုဝယ်၊ ခုတပ်စနစ်နှင့် ဒဏ်ငွေကျပ်(၂၀၀) သတ်မှတ်သည့်အစီအစဉ်ကို ယမန်နေ့နံနက်(၇)နာရီ က မြို့မဈေးရှေ့၌ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့မဈေးသို့ ဈေးဝယ်လာသူများနှင့် မြို့မဈေးရှေ့မှ ဖြတ်သန်းသွားလာသော ဒေသခံပြည်သူများအား နေအိမ်ပြင်ပသို့ထွက်ပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက်ခြင်းနှင့် Mask တပ်ဆင်ထားခြင်း မရှိသူများအား ခုဝယ်၊ ခုတပ်စနစ် ဆောင်ရွက်လျက်ရှိပြီး ဒဏ်ငွေကျပ်(၂၀၀)ကို ပေးဆောင်ပြီးမှသာ လိုရာခရီးသို့ဆက်သွားခွင့်ပြုမည် ဖြစ်သည်။
“ကျွန်တော်တို့ အရင်က Mask မတပ်ဘဲအပြင်ထွက်သွားလာတဲ့သူကို ဒဏ်ပေးတဲ့အနေနဲ့ Mask (၁၀)ခုဝယ်ခိုင်းပြီး (၅)ခုကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကို လှူဒါန်းခိုင်းတယ်၊ ကျန်တဲ့(၅)ခုထဲက တစ်ခုကို တစ်ခါတည်း တပ်ခိုင်းပြီး(၄)ခုကို ယူသွားခိုင်းတယ်၊ ဒီနေ့တော့ စနစ်တစ်မျိုးပြောင်းပြီး Mask ချက်ချင်းဝယ် ချက်ချင်းတပ်ခိုင်းပြီး ဒဏ်ရိုက်တဲ့အနေနဲ့ ဒဏ်ငွေ(၂၀၀)ကျပ်ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံကို ပေးဆောင်ရမှာဖြစ်ပါတယ်”ဟု ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော် က ပြောသည်။
အဆိုပါစစ်ဆေးဆောင်ရွက်ခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော် ဦးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့၊ အမှတ်(၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)