နမ့်ခမ်းမြို့၊ နောင်စန့်ရပ်ကွက်အတွင်း နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးခြင်းဆောင်ရွက်

နမ့်ခမ်း ဇူလိုင် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြင့်မားပြီး စာအုပ်စာစောင်များကိုအလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်ကို နမ့်ခမ်းမြို့ပေါ်ရှိ ရပ်ကွက်များ၊ ဌာနဆိုင်ရုံးများသို့ သွားရောက်၍ စာအုပ်စာစောင်များအား အခမဲ့ငှားရမ်း ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၃)နောင်စန့် ရပ်ကွက်အတွင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေဝါသနာရှင်၊ စာပေချစ်သူ၊ စာဖတ်ဝါသနာပါသူများဖြစ်သော ဒေသခံ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ ကြိုက်နှစ်သက်သည့် စာအုပ် စာပေများကို ဖတ်ရှုခြင်းဖြင့် အားလပ်ချိန်များကို ကုန်ဆုံးစေရန်အတွက် ကွင်းဆင်း၍ အခမဲ့ ငှားရမ်းပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများသို့ တစ်ပတ်လျှင်တစ်ကြိမ် သွားရောက်၍ စာဖတ်သူ စိတ်ကြိုက်စာအုပ်စာစောင်အသစ်များဖြင့် လဲလှယ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင်လည်း နေ့စဉ်ရုံးဖွင့်ရက်တိုင်း လာရောက်ငှားရမ်းခြင်း၊ စာပေဖတ်ရှုခြင်းများကိုလည်း အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)