နမ္မတူ အောက်တိုဘာ ၁၃
နမ္မတူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွင့်လှစ်ထားရှိသော အထူးရဲသင်တန်းသားများအား Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီ ခွဲအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အထူးရဲသင်တန်း ဖွင့်လှစ်ထားရှိသည့် အမှတ် (၉) အခြေခံပညာ မူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့ Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်နှင့် တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများက အထူးရဲသင်တန်းသားများနှင့် သင်တန်းနည်းပြများအား စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ အားလုံး ရောဂါပိုးမရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက် ထံက သိရသည်။
နမ္မတူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲရုံပေါင်း (၄၈)ရုံတွင် တာဝန်ထမ်းဆောင်ရန်အတွက် အထူးရဲ (၄၈)ဦးအား အောက်တိုဘာလ (၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ သင်တန်းပို့ချဆောင်ရွက်နေခြင်းဖြစ်ကြောင်း နမ္မတူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင့်ဆွေ ထံမှ သိရသည်။
လူမော် (ပြန်/ဆက်)