မချမ်းဘော ဇူလိုင် ၁၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို လေးစားတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး “၁၉ ဇူလိုင်မမေ့နိုင်” ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မချမ်းဘောမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ အလယ်တန်းကျောင်း မြို့မတို့မှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြပြီး ဆုရရှိသူများကို ဇူလိုင်လ (၁၇)ရက် နေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲတက်ရောက်လာသူ ကျောင်းသူ၊ ကျောင်းသားများက ခင်းကျင်းပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ ကျန်းမာရေးအသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော့)