လှည်းကူးမြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေးခြင်းနှင့် မြေသြဇာလက်တွေ့ပြုလုပ်နည်း သင်တန်းဆင်းပွဲကျင်းပ

လှည်းကူး ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကာ မိသားစုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု စိုက်ပျိုးရေးနည်းပညာပေးခြင်းနှင့် မြေသြဇာလက်တွေ့ပြုလုပ်နည်း သင်တန်း ဆင်းပွဲကို ရဲမွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက် ၁ဝ နာရီက ကျင်းပပြုလုပ် သည်။

ရှေ့ဦးစွာ လှည်းကူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောဘသိန်း၊ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးတို့က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးနည်းပညာပေးခြင်းနှင့် မြေသြဇာလက်တွေ့ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ပေးခြင်း ဖြင့် ကျေးလက်နေပြည်သူများ သီးနှံများစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များ​ရွေးချယ် စိုက်ပျိုးပြီး သီးနှံများအထွက်တိုးခြင်း၊ သဘာဝမြေသြဇာများ ပြုလုပ်ပြီးနည်း စနစ်တကျ အသုံး ပြုကာ မိသားစုဝင်ငွေများ တိုးပွားလာစေရန်အတွက် သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ခရိုင်ဦးစီးမှူး ဦးစောဘသိန်း က သင်တန်းသား/သူများ ကိုယ်စားသင်တန်းသား တစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက သင်တန်းနည်းပြများ အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်း၊ မြေဆီလွှာပြုပြင်ထိန်းသိမ်းခြင်း၊ သီးနှံကာကွယ်ခြင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း၊ မှိုစိုက်ပျိုး ထုတ်လုပ်ခြင်း စသည့်ဘာသာရပ် (၅)မျိုးကို သင်တန်းနည်းပြ(၄)ဦးဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းသို့ ရဲမွန် ကျေးရွာအုပ်စု၊ ကညင်ကုန်း ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသနေပြည်သူ (၂၀)ဦးတို့ တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)