ကျိုင်းတောင်း အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ကျိုင်းတောင်းမြို့ ကျေးလက်ကျန်းမာရေးဌာန၌ ယမန်နေ့နံနက် (၉) နာရီအချိန်ခန့် က သားဖွားဆရာမ ဒေါ်ခိုင်သဇင်မှ ကျိုင်းတောင်းမြို့ အမှတ်(၃၊၄၊၅)ရပ်ကွက်ရှိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးရာ အသက်(၂)နှစ်အောက် ကလေးငယ်များတွင် အဖြစ်များသော ပိုလီယို၊ ပြင်းထန်အဆုပ်ရောင်ရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန် ဦးနှောက်ရောင်ရောဂါတို့ကို ကာကွယ်ပေးနိုင်သည့် ကာကွယ်ဆေးများ အပြင် ငါးမျိုးစပ်ကာကွယ်ဆေး များကို ပုံမှန်တနင်္လာနေ့တိုင်းတွင် ကျိုင်းတောင်းမြို့ ကျေးလက်ကျန်းမာရေးဌာန၌ ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးရာတွင် ကျိုင်းတောင်းမြို့ အမှတ်(၃၊၄၊၅)ရပ်ကွက်ရှိ ကလေးငယ် ကျား(၁၁)ဦး မ(၈)ဦး စုစုပေါင်း (၁၉)ဦးတို့ကို ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)