မော်လမြိုင်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

မော်လမြိုင် ဇူလိုင် ၁၄

၂၀၂၃ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် နေ့ထူးနေ့မြတ်ဖြစ်သည့် ဝမ်းနည်းသတိရဖွယ် အထိမ်းအမှတ်တစ်ခုဖြစ်သော အာဇာနည်နေ့ သမိုင်းကြောင်းကို ကျောင်းသား၊ကျောင်း သူများသိရှိနားလည်‌စေရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားအတုယူတန်ဖိုးထားပြီး အမှတ်ရနေစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများကို မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ  ဝန်ထမ်းများက မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၃ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့
အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင်  ကျောင်းအုပ်ဆရာမကြီးက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားပြီး မော်လမြိုင်ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က  မြန်မာတစ်မျိုးသားလုံးအတွက်  နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဇူလိုင်(၁၉)ရက်နေ့တွင် ရောက်ရှိမည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊  မြန်မာတစ်မျိုးသားလုံးအတွက်  အားကျအတုယူ မမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်(၉)ဦးတို့၏  အတ္ထုပ္ပတ္တိများနှင့်  ယနေ့ခေတ်လူငယ်၊ လူရွယ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ တိုင်းပြည်နှင့်လူမျိုးအပေါ် ထားရှိသော မျိုးချစ်စိတ်ဓာတ်များ  ထာဝစဉ်ကိန်းအောင်းနေစေရေး စသည်တို့ကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦးတို့၏ အတ္ထုပ္ပတ္တိများ၊ အထူးဂရုပြုလိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း/ မူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)