သံဖြူဇရပ် ဇူလိုင် ၁၄
ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက စာရေးဆရာညီညီနိုင် ရေးသားသော "အောင်မြင်ရေးသော့ချက်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ ညီညီနိုင်ရေးသားသော "အောင်မြင်ရေးသော့ချက်" စာအုပ်ပါ အောင်မြင်မှုနေပူစာလှုံအကြောင်းအရာမှ ရည်မှန်းချက်ပန်းတိုင် ချမှတ်ပါ၊ အောင်မြင်သူတွေကြား ရောက်ဖို့ဆိုတဲ့ ပန်းတိုင်၊ ဖြစ်နိုင်ရင် အောင်မြင်သူတစ်ယောက်ထံမှ အလုပ်ဝင်လုပ်ပါ စသည့် အကြာင်းအရာများကို မြို့နယ် Book Club အဖွဲ့ဝင် ဦးတင်ရွှေက ဖတ်ကြားဆွေးနွေးပြီး "မိမိကိုယ်ကိုအကဲဖြတ်ခြင်း" အကြောင်းအရာပါ ကိစ္စတစ်ရပ် ဖွံ့ဖြိုးတိုးတက်မှုရှိ/မရှိ စစ်ဆေး ရာမှာ အချိန်အပိုင်းအခြားအရ အကဲဖတ်ရသလို တိုင်းတာတဲ့သတ်မှတ်ချက် "စံ" တွေလည်း ရှိရပါတယ် စသည့်အကြောင်းအရာကို Book Club အဖွဲ့ဝင် ဦးမင်းကျော်ဝင်းက ဖတ်ကြားဆွေးနွေးသည်။
ထို့နောက့် "အချိန်ကိုစီမံခန့်ခွဲမှု" အကြောင်းအရာမှ ကိုယ့်အချိန်ကို ဂရုတစိုက်နဲ့ စနစ်တကျ ခွဲဝေ သုံးစွဲပုံ၊ နေ့စဥ်အချိန်ဇယားရေးဆွဲခြင်း၊ အထက်အရာရှိများနှင့် လုပ်ဖော်ကိုင်ဖက်များ ပြောဆိုတဲ့ အချိန် တတ်နိုင်သမျှ အလုပ်ကိစ္စအကြောင်း အဓိကပါဝင်စေချင်ပုံ စသည့်အကြောင်းအရာများကို Book Club အသင်းဝင် ဦးကျင်ဟုတ်က ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များမှလည်း စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြ သည်။
သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိ ပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်း၊ စာဖတ်ပရိသတ် စာပေဝါသနာရှင်များ စာဖတ်သည့် အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိဖြင့် သူတပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)