မိုးနဲမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

မိုးနဲ ဇူလိုင် ၁၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု၊  ဘဏ္ဍာရေးနှစ် ပထမ ၃ လပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့်ပေးအပ်ခဲ့ပြီး ယနေ့နံနက် ၁၀ နာရီအချိန်က ဥယျာဉ်ရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ထောက်ပံ့ရာတွင် ဥယျာဉ်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများက အသက် ၈၅ နှစ်နှင့်အထက် အကျိုးခံစားခွင့်ရှိသူ သက်ကြီးဘိုးဘွား ၁၃ ဦးတို့၏လက်ဝယ်အရောက် ကောင်းမွန်စွာစနစ်တကျ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

၂၀၂၃-၂၀၂၄ ခု၊  ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) ၃ လအတွက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ပေးအပ်ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး မိုးနဲမြို့နယ်အတွင်း ကျိုးတောင်းမြို့အပါအဝင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားစုစုပေါင်း ၁၁၁ ဦးရှိကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ဝိုးတောင်း(မိုးနဲ)