စဉ့်ကူး ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းအကြောင်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ရွှေပြည်ကျေးရွာအုပ်စု၊ ဈေးကုန်းကျေးရွာတွင် ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနမှအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ ကော်မတီဝင်များ၏ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ကျေးရွာစိတ်ဓာတ် (Village-Spirit) အချက်(၅)ချက်ကို ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်သွားရန်တို့ကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့်ဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် ဈေးကုန်းကျေးရွာသူ ကျေးရွာသားများ၏ အများသဘောဆန္ဒဖြင့် ကော်မတီဝင် (၇) ဦးအား အတည်ပြုရွေးချယ်ဖွဲ့စည်းပေးခြင်းနှင့် သင်တန်းသား/သင်တန်းသူ (၂)ဦး ရွေးချယ်ခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
တင်ဇာလွင် (ပြန်/ ဆက်)