မိုင်းပျဥ်း ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့တွင် ယနေ့နံနက် ၉ နာရီက မိုင်းပျဥ်းမြို့အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာအခမ်းအနားကို အခြေခံပညာအထက်တန်းမှ ကျောင်းသား/သူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မိုင်းပျဥ်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့်ပတ်သက်ပြီး အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မိုင်းပျဥ်းမြို့ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းမှ မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးကျင်းပခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စာပေဘာသာရပ်များ၌ A အဆင့်ရရှိသော အမှတ်အများဆုံး ပထမ၊ ဒုတိယနှင့် တတိယရရှိကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ဆုပေးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအရာရှိကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်နောင်ထွန်း(ပြန်/ဆက်)