တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

တာလေ ဇူလိုင် ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ပြိုင်ပွဲဝင်ကလေးများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၂ ဉီး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ထို့နောက် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူတို့က ဂုဏ်ပြု ဆုလက်ဆောင်နှင့် ပြိုင်ပွဲဝင်ကလေးများအား အာဟာရဖြည့်မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း