ကျောက်မဲမြို့ အထက(၄)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ကျောက်မဲ ဇူလိုင် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အထက(၄)ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အထက(၄)ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးရွှေနီမောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျောက်မဲ မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်မော်မော်ဝင်းက ကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် မောင်ထူးထက်ကျော် (Grade-11)က လူငယ်နှင့် မူးယစ်ဆေး အန္တရာယ်၊ လူငယ်နှင့် လူကုန်ကူးမှုအန္တရာယ် ခေါင်းစဥ်ဖြင့် လည်းကောင်း၊ မနှင်းရတီဖြိုး (Grade-9) က လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ မသက်နှင်းဆု (Grade-11) က လူငယ်နှင့် အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ မမေသူကြွယ် (Grade-11)က လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြ သည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများထဲမှ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းတွင် ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင် များကို တက်ရောက်လာကြသည့် ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။

မိုင်းထွန်း(ပြန်/ဆက်)