တံတားဦး ဇူလိုင် ၁၄
တံတားဦးခရိုင် တံတားဦးမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်း အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ(၂)နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့မအခြေခံပညာအလယ်တန်းကျောင်း ကျောင်အုပ်ဆရာမကြီး ဒေါ်ရီရီချိုက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဥပဒေရုံး၊ ဒုတိယဥပဒေအရာရှိ ဦးမျိုဇော်သန့်က ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများအကြောင်း၊ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေး အလုပ်သမားပပျောက်ရေး အရေးကြီးပုံအကြောင်း၊ ကလေးအလုပ်သမားလျော့နည်းပပျောက်အောင် ကလေးများကို အကာ အကွယ်ပေးရမည့် အကောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ/မများနှင့် ကျောင်းသား/သူများက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကို အပြန်အလှန် မေးခွန်းများ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ရဲတင့်( ပြန်/ဆက်)