ထန်းတပင်(ရန်ကုန်)၊ အောက်တိုဘာ ၁၂
ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများ၏ စားဝတ်နေရေးများ အဆင်ပြေစေရေးအတွက် ပြည်သူမှ ပြည်သူ့ထံသို့ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းများ ပြန်လည်မျှဝေလှူဒါန်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဆတ်ကလေးကျေးရွာအုပ်စု၊ ဆတ်ကလေး ကျေးရွာတွင် ဖြန့်ဝေ လှူဒါန်းပေး လျက်ရှိကြောင်း သိရသည်။
ပြည်သူမှ ပြည်သူ့ထံသို့ ပြန်လည်မျှဝေလှူဒါန်းပေးခြင်း အစီအစဉ်ကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းမှ ဦးဆောင်၍ အလှူရှင်များဖြင့် ကျေးရွာအုပ်စုအတွင်းရှိ အခြေခံအိမ်ထောင်စု (၁၀၄)စု တို့အတွက် အခြေခံစားသောက်ကုန်ပစ္စည်း ငါးမျိုးတို့ကို ပြန်လည်၍ မျှဝေလှူဒါန်း ပေးခဲ့ကြခြင်းဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းနှင့် မိသားစုတို့မှ ပေါ်ဆန်းဆန် (၂၃)အိတ်၊ ဦးခင်ရွှေ မိသားစုတို့မှ ဆီ(၅၂)ပိဿာ၊ ဦးသန်းစိန် မိသားစုတို့မှ ကြက်သွန်နီ (၅၂)ပိဿာ၊ ဦးခင်ထွန်း မိသားစုတို့မှ ဘဲဥအလုံး (၅၂၀)၊ ဒေါ်ခင်စန်း မိသားစုတို့မှ အိုင်အိုဒင်းဆား(၁၀၄)ထုတ်တို့ကို ထည့်ဝင် လှူဒါန်းပေးခဲ့ကြကြောင်း သိရ သည်။
အခြေခံစားသောက်ကုန်များ ပြန်လည်မျှဝေလှူဒါန်းပေးရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်း မိသားစုတို့နှင့် အလှူရှင်များက ကျေးရွာအတွင်းရှိ အခြေခံအိမ်ထောင်စု(၁၀၄)စု တို့အား အခြေခံစား သောက်ကုန်ပစ္စည်းငါးမျိုးတို့ကို ဖြန့်ဝေလှူဒါန်းပေးခဲ့ကြပြီး အိမ်ထောင်စု တစ်စုလျှင် ဆန်(၅)ပြည်၊ ဆီငါးဆယ်ကျပ်သား၊ ဘဲဥ(၅)လုံး၊ ကြက်သွန်နီ(၅၀)ကျပ်သားနှင့် အိုင်အိုဒင်းဆား တစ်ထုပ်စီတို့ကို ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)