ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လောကမှန်ကင်းရွာဟောင်းကြီးဘုရားရှိ နံရံဆေးရေးပန်းချီဖြင့်ရေးဆွဲပူဇော်ထားသည့် နှစ်ကျိတ်ရှစ်ဆူဘုရားများကိုလေ့လာနိုင်

ညောင်ဦး  ဇူလိုင်  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ လောကမှန်ကင်းရွာဟောင်းကြီးဘုရားရှိ အေဒီ ၁၃ ရာစုက နံရံဆေးရေးပန်းချီများဖြင့် ရေးဆွဲပူဇော်ထားသည့် နှစ်ကျိတ်ရှစ်ဆူဘုရားများကို လေ့လာနိုင်ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ လောကမှန်ကင်းရွာဟောင်းကြီးဘုရားသည် အေဒီ ၁၃ ရာစုလက်ရာဖြစ်ပြီး အရွယ်အစားကြီးမားသော အရှေ့ဘက်လှည့် နှစ်ထပ်ဂူဘုရားဖြစ်သည်။ မဟာရံတံတိုင်းဖြင့်တည်ဆောက်ထားပြီး ပစ္စယံအဆင့်များတွင် အင်္ဂတေပန်းလက်ရာများဖြင့် တန်ဆာဆင်ထားသည်ကိုတွေ့ရှိလေ့လာနိုင်သည်။ နံရံဆေးရေးပန်း ချီလက်ရာအနည်းငယ်သာကျန်ရှိပြီး ဗောဓိညောင်ပင်ပုံနှင့်ဗုဒ္ဓဆင်းတုတော်ကြီးတစ်ဆူပါရှိပြီး နံရံဆေးရေးပန်းချီမှာ နှစ်ကျိတ်ရှစ်ဆူဘုရားများရေးဆွဲပူဇော်ထားသည်ကို တွေ့ရှိနိုင်သည်။ အပေါ်ထပ်တစ်ဆင့်အဆောင်နှင့် အပေါ်ထပ်မှတဖန် အထက်သို့တက်ရန် လှေကားပါသောအဆောက်အအုံအမျိုးအစားဖြစ်ကြောင်း သိရသည်။ (၁၉၈၁-၁၉၈၂)ခုနှစ်တွင် ဂျာမဏီအစိုးရမှ ပြန်လည်ပြုပြင်ထိမ်းသိမ်းခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။

လောကမှန်ကင်းရွာဟောင်းကြီးဘုရား၏မြောက်ဘက်တွင် ရွာဟောင်းကြီးဘုရားစု၊ အနောက်ဘက်တွင် မြင်းပြဂူဘုရား၊ နွားပြဂူဘုရား၊ မီးငြိမ်းကုန်းဂူဘုရား၊ အရှေ့ဘက်တွင် သဗ္ဗညုဘုရား၊ နတ်လှောင်းကျောင်း၊ ငကျွဲဋားတောင်းဘုရား၊ ပုထိုးသားများဘုရား၊ တောင်ဘက်တွင် ပုဂံမျှော်ဘုရား၊ ရွှေနန်းရင်တော ဘုန်းတော်ကြီးကျောင်းတိုက်အစုအဝေး၊ ဓမ္မရံကြီးဘုရားနှင့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံများကို တည်ထားမှုပုံစံအမျိုးမျိုးတို့ကို ဖူးမြှော်လေ့လာနိုင်ကြောင်းသိရသည်။

ဒီပါလင်း