ဒဂုံတောင် အောက်တိုဘာ ၁၂
ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် အိမ်ပြင်ထွက်ရန် လိုအပ်ပါက နှာခေါင်းစည်း (Mask )တပ်ဆင်ပြီးမှ ထွက်ကြရန်အတွက် Mask Campaign လှုပ်ရှားမှု ပြုလုပ်ခြင်းကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ လူသွားလာများသော လမ်းဆုံများ ကားမှတ်တိုင်များတွင် ယခုလ ၈ ရက်နေ့မှစ၍ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသည် ပြည်သူများ Mask တပ်ဆင်သွားလာရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း သွားလာနေထိုင်ရေး တို့အတွက် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေ ပေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးပြီးဖြစ်ရာ ယခုလ ၈ ရက်နေ့မှစ၍ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် မြို့နယ်ပန်းခြံကားမှတ်တိုင်၊ သစ်ဆိုင်ကွေ့မှတ်တိုင်၊ ဂိတ်ဟောင်းမှတ်တိုင်၂၀၊ ကုန်တိုက်မှတ်တိုင် ၅၆ လမ်းဆုံမှတ်တိုင်နှင့် လူသွားလူလာများသည့် နေရာတို့တွင် နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းမရှိသူများအား ဒဏ်ငွေဆောင်စေခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို ကိုဗစ် - ၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နေ့စဉ်ဆောင်ရွက်ခဲ့ကြသည်။
ယနေ့ နံနက်တွင်လည်း ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် စုရပ် ၈ နေရာတွင် နှာခေါင်း စည်း (Mask) တပ်ဆင်ခြင်းမရှိသူများအား ဒဏ်ငွေဆောင်စေခြင်းနှင့် Mask Campaign များ ဆက်လက်ဆောင်ရွက်ရာ နှာခေါင်းစည်း(Mask) မတပ်ဆင်သူ ကျား ၈၇ ဦးနှင့် မ ၁၉ ဦးတို့အား တစ်ဦးလျှင် ဒဏ်ငွေ(၂၀ဝကျပ်)ပေးဆောင်စေပြီး Mask တစ်ခုပေးကာ ချက်ချင်းတပ်စေပြီး အိမ်ပြင် ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ Campaign လှုပ်ရှားမှုအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
သန်းသန်းအေး(ပြန်/ဆက်)