ပင်းတယမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး

ပင်းတယ ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ရွာသစ်ရပ်ကွက်အတွင်းရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပင်းတယမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားမိဘ (အုပ်ထိန်းသူ)များအား ကျောင်းသား၏ ရောဂါရာဇဝင်နှင့် ကာကွယ်ဆေး ထိုးနှံထားခြင်းရာဇဝင်များကိုမေးမြန်းပြီး ကျောင်းသား/ကျောင်းသူများ၏ ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံမှုအခြေအနေများ၊ အာဟာရနှင့်ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေများကို စစ်ဆေးခြင်း၊ အရေပြား၊ သွားနှင့်ခံတွင်း၊ မျက်လုံး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ လည်ပင်း၊ နှလုံးနှင့် အခြားသောလက္ခဏာများအား စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် ပင်းတယမြို့နယ်အတွင်းရှိ ကျောင်းကျန်းမာရေးစစ်ဆေးပေးရန် ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများသို့သွားရောက်၍ ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)