ကျောက်တန်းမြို့နယ်တွင် Mask တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် ပြည်သူများ မလိုအပ်ဘဲအပြင်မထွက်စေရေး စစ်ဆေးကြပ်မတ်

ကျောက်တန်း အောက်တိုဘာ ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကို နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲအချိန်က လူစည်ကားရာ မြို့မဈေး၊ ဧရာဝတီဘဏ်ရှေ့နှင့် ကားဂိတ်တို့တွင် Mask တပ်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဌေး ဦးဆောင်ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါသည် မိမိတို့ ကျောက်တန်းမြို့နယ်တွင် ပိုးတွေ့လူနာများ ရှိလာခြင်းကြောင့် ပြည်သူများအနေဖြင့် မိမိတို့နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း မပြုကြရန်နှင့် ထွက်ခွာပါကလည်း  Mask တပ်ဆင်ရန်၊ မဖြစ်မနေသွား လာရမည်ဆိုပါက မိသားစုတစ်စုလျှင် (၁) ဦးသာ သွားလာစေရေး၊ လူစုလူဝေးရှိသော နေရာများကို တတ်နိုင်သမျှ ရှောင်ကြဉ်ရေး၊ အပြင်မှပြန်လာတိုင်း၊ အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်သန့် ဆေး(သို့မဟုတ်) ဆပ်ပြာဖြင့် လက်ကိုစနစ်တကျဆေးကြော ရန်တို့ကို အသိပညာပေးပြီး Mask တပ်ဆင်အသုံးပြုခြင်း မရှိသူများကို Mask တပ်ဆင် ပေးပြီး ဒဏ်ငွေအဖြစ် ငွေ(၂၀၀/-)ကျပ်ဆောင်စေခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့အဝင် အဓိကနေရာဖြစ်သည့် ဂတ်တန်းကွေ့တွင်  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား အလေးထားလိုက်နာစေရေး၊ ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်စေရေး၊ တစ်မြို့နယ်နှင့် တစ်မြို့နယ် နယ်မြေကျော်သွားလာမှု မရှိစေရေးတို့ အတွက် စစ်ဆေးခြင်းများကိုလည်း ကျောက်တန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍  စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်ဆွေဝင်း  (ကျောက်တန်း)