လားရှိုးမြို့ အ.ထ.က ၇ တွင် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်

လားရှိုူး ဇူလိုင် ၁၄

ဝမ်းနည်းသတိရဖွယ်အထိမ်းအမှတ်တစ်ခုဖြစ်သော အာဇာနည်နေ့ကို ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်စေရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီးများအား လေးစားအတုယူတန်ဖိုးထားပြီး အမှတ်ရနေစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က လားရှိုးမြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ရောက်ရှိမည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မြန်မာ တစ်မျိုးသားလုံးအတွက် အားကျအတုယူ မမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိများနှင့် ယနေ့ခေတ် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအပေါ် ထားရှိသော မျိုးချစ်စိတ်ဓါတ်များ ထာဝစဉ်ကိန်းအောင်းနေစေရေး စသည်တို့ကို ဆွေးနွေး ဟောပြောသည်။

ဆက်လက်၍ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က လားရှိုးလူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက် လျက်ရှိသည့် သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများအကြောင်း နှင့် လူငယ်များတွင် ထားရှိမွေးမြူထားရမည့် စိတ်ဓါတ်၊ စည်ကမ်းများနှင့် ပတ်သက်၍ “သင်၏ ကောင်းမွန်သောဝါသနာကို စုဆောင်းပြီး လက်တွေ့အသုံးချပါ” ခေါင်းစဉ်ဖြင့် လူငယ်များအတွက် ကိုယ်တိုင်တွေ့ကြုံဖြတ်သန်းလာရသည့် ဘဝအောင်မြင်ရေး အတွေ့အကြုံ များကို ဟောပြောဆွေးနွေးခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းကျောင်သား၊ ကျောင်းသူပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များက မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်