မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မန္တလေး ဇူလိုင် ၁၄

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ပညာရေးမှူးရုံးတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်စကားပြောကြားပါသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တက်ရောက်လာသည့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက် တာဝန်ခံများနှင့် ကျောင်းစာကြည့်တိုက်တာဝန်ခံ ဆရာ၊ ဆရာမများက မိမိတို့ကျောင်းစာကြည့်တိုက်၏ လက်ရှိဖွင့်လှစ်ထားမှု အခြေအနေများ၊ စာငှားစံနစ်များ၊ ကျောင်းစာကြည့်တိုက်ကောင်း တစ်ခုဖြစ်ရန် အခြေခံလိုအပ်ချက်များ၊ ကျောင်းစာကြည့်တိုက်၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ထားမှုများ၊ စာကြည့်တိုက် ဖွင့်ချိန်၊ ပိတ်ချိန်နှင့် အသင်းဝင်စည်းကမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိမြှင့်တင်ရေးအတွက် ပြိုင်ပွဲကျင်းပပေးမှုများ၊ စာကြည့်တိုက်အား အထောက်အပံ့ပေးမည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် စာကြည့်တိုက်အတွက် လိုအပ်သည့်အချက်များ စသည်တို့ကို အပြန်အလှန် ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ဆွေးနွေးကြမည်ဖြစ်ပြီး တက်ရောက်သူ(၂၀)ဦးရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)