လှိုင်သာယာ(အနောက်ပိုင်း) ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ အ.ထ.က(၂) မုဒိတာခန်းမတွင် နံရံကပ်စာစောင်ပြပွဲ၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ကျောင်းတွင်း ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီ အချိန်က ပြုလုပ်သည်။
အဆိုပါ အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဌေးအောင်ဇော်က အနာဂတ်လူငယ်များနှင့် အောင်မြင်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်စာကြည့် တိုက်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းမင်းသိုက်က အချစ်များသူ့ဆီမှာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ အယ်ဒီတာ ဦးသူရဇော်(ဉာတ္ထစရိယာ)က အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို အသီးသီးဟောပြောခဲ့ကြသည်။ ဆက်လက်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျောင်းတွင်း ပန်းချီ၊ ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲတွင် ဆုရ ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ကြကြောင်း သိရသည်။
ဟောပြောပွဲသို့ ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် စာရေးဆရာများ၊ အ.ထ.က(၂)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၄၅၀)ဦးခန့် တက်ရောက်ကြကြောင်း သတင်းရသည်။
မြင့်ဇော်