(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့်ဆုချီးမြှင့်ပွဲများ သာစည်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်

သာစည် ဇူလိုင် ၁၄

(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲများနှင့်ဆုချီးမြှင့်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး သာစည်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသူရိယခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောပွဲကိုပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးဒေါ်လဲ့လဲ့စိမ်းက အမှာစကားပြောကြားသည်။ ဆက်လက်ပြီးစာရေးဆရာဝေးရင့်သီက “အာဇာနည်နှင့်လူငယ်မျိုးဆက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးဇော်မင်းထွေး(စာရေးဆရာခန့်စစ်အောင်)က “အလေးပြုပါသည် အာဇာနည်” ခေါင်းစဉ်ဖြင့်လည်းကောင်း အာဇာနည်နေ့အကြောင်းနှင့် အာဇာနည်ကြီးများ၏ အတုယူဖွယ်ရာများကိုဟောပြောသည်။ ထို့နောက် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ အထက်တန်းနှင့် အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယနှင့်တတိယရရှိသည့် ကျောင်းသား/သူများအား ဆုများချီးမြှင့်သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များကိုပြသရာ ဆရာ/မများနှင့် ကျောင်းသား/သူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်